International News

ဂျပန်အစိုးရအဖွဲ့အတွင်းဝန်ချုပ် Mr. Suga Yoshihide ကို (LDP) ပါတီ၏ ခေါင်းဆောင်သစ်အဖြစ် ရွေးချယ်ခဲ့

Last Updated:

ဂျပန်နိုင်ငံ၏ အဓိကအာဏာရပါတီဖြစ်သည့် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) က အစိုးရအဖွဲ့အတွင်းဝန်ချုပ် Mr. Suga Yoshihide ကို ပါတီ၏ ခေါင်းဆောင်သစ်အဖြစ်  ၂၀၂၀ ပြည့် နှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့က ရွေးချယ်ခံရကြောင်းသိရပါသည်။

အသက် ၇၁ နှစ်အရွယ်ရှိ Mr. Suga သည် ကျန်းမာရေးအကြောင်းပြချက်ဖြင့် ရာထူးကနေနုတ်ထွက်ရန် ရည်ရွယ်ထားကြောင်းပြီးခဲ့သည့် သြဂုတ်လနောက်ဆုံးအပတ်က တရားဝင်ကြေငြာခဲ့သည့် ဝန်ကြီးချုပ် Mr. Shinzo Abe ၏ နေရာကိုဆက်ခံရန် ရာနှုန်းပြည့်နီးပါးသေချာနေပြီ ဖြစ်ကြောင်း သိရပါသည်။

Mr. Suga က "ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှု၏ စိန်ခေါ်မှုကို မိမိတို့နိုင်ငံ ရင်ဆိုင်နေရချိန်တွင် နိုင်ငံရေးအရ တရားဝင်မှုမရှိဘဲ ကြိုးပမ်းလုပ်ဆောင် နိုင်မည်မဟုတ်ပါကြောင်း၊  အဆိုပါအကျပ် အတည်းကို ရင်ဆိုင်ကျော်လွှားနိုင်ရန် ဝန်ကြီးချုပ် Mr. Abe ကြိုးပမ်းလုပ်ဆောင်နေသည့်ကိစ္စရပ် များကို ဆက်လက်အားသွန်ခွန်စိုက် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ သို့မှသာ မိမိတို့ နိုင်ငံသားအားလုံးအနေဖြင့် စိတ်အေးချမ်းသာစွာ နေထိုင်နိုင်ကြမည်ဖြစ်ပါကြောင်း၊ မိမိအနေဖြင့် အဆိုပါလုပ်ငန်းတာဝန်များကို ဆက်လက်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ပိုမိုထိရောက်သည့် အစိုးရတစ်ရပ်ဖြစ်လာစေရန် စီမံအုပ်ချုပ်ရေးအပိုင်းကိုလည်း ပြန်လည် ပြင်ဆင်ပြောင်းလဲရန် တွန်းအားပေး ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊ ပြည်သူများ တစ်ဦးနှင့် တစ်ဦးအပြန်အလှန်ရိုင်းပင်းကူညီမှုကို အားပေးဆောင်ရွက်ကာ ပြည်သူအားလုံးအတွက် အကာ အကွယ်ပေးနိုင်မည့် လူမှုဖူလုံရေးစနစ်တစ်ခုကို ဖော်ဆောင်သွားရန် ကြိုးပမ်းသွားမည်ဟု Mr. Suga ကထပ်လောင်းပြောကြားခဲ့ကြောင်း သိရပါသည်။

Mr. Suga သည် မဲစုစုပေါင်း၏  ၇၀ % ကျော်ကို ရရှိခဲ့ပြီး သူ၏ ပြိုင်ဘက်နှစ်ဦးဖြစ်သည့် LDP အထွေထွေအတွင်းရေးမှူးဟောင်း Mr. Ishiba Shigeru နှင့် ပါတီ၏ လက်ရှိမူဝါဒရေးရာ အကြီးအကဲ Mr. Kishida Fumio တို့ကို အနိုင်ရခဲ့ခြင်း ဖြစ်ပါသည်။

၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့တွင်  လွှတ်တော်အမတ်များက ဝန်ကြီးချုပ် အသစ် ကို မဲပေးရွေးချယ်ကြမည်ဖြစ်ပြီး  အထက်နှင့် အောက် လွှတ်တော်နှစ်ရပ်စလုံး ကို LDP ဦးဆောင်သည့် ညွန့်ပေါင်းအုပ်စု က ထိန်းချုပ်ထားခြင်းကြောင့်  မစ္စတာ Mr. Suga ကပင် အနိုင်ရ နိုင်မည်သေချာပါကြောင်း သုံးသပ်နေကြပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)

Category: International News